အာဒ်ဝင်တူးဖယောင်းတိုင်များအကြောင်း သိကောင်းစရာ

အာဒ်ဝင်တူးဖယောင်းတိုင်များအကြောင်း သိကောင်းစရာ

ကက်သလစ်ဘုရားကျောင်းများနှင့် မိသားစုအချို့သည် ခရစ်တော်၏မွေးဖွားခြင်းကို စောင့်မျှော်ရာတွင် ဖယောင်းတိုင် (၅)တိုင် ပါဝင်သောပန်းခွေကို အသုံးပြုကြသည်။ ယင်းတို့ထဲမှ (၄)တိုင်မှာ ခရစ္စမတ်မတိုင်မီ တနင်္ဂနွေနေ့များတွင် ထွန်းညှိရန်ဖြစ်ပြီး ကျန်တစ်တိုင်မှာ ခရစ္စမတ်နေ့တွင် ထွန်းညှိရန်ဖြစ်သည်။ အာဒ်ဝင်တူးကာလအတွင်း ထွန်းညှိသော ဖယောင်းတိုင်များကို အရောင်အမျိုးမျိုးခြယ်သကြသော်လည်း များသောအားဖြင့် ပထမသုံးတိုင်ကို ခရမ်းရောင်ခြယ်သကြပြီး စတုတ္ထတိုင်ကို ပန်းရောင်ခြယ်သကြသည်။ ရံဖန်ရံခါ ဆိုသကဲ့သို့ ဖယောင်းတိုင်လေးတိုင်းစလုံးကို ခရမ်းရောင်ခြယ်သကြသည်လည်းရှိသည်။ ခရစ္စမတ်ဖယောင်းတိုင်ကြီးမှာမူ အဖြူရောင်ဖြစ် သည်။

အာဒ်ဝင်တူးဖယောင်းတိုင်များ၏အရောင်နှင့်ပတ်သက်၍ ဆိုရလျှင် ခရမ်းရောင်သည် နောင်တစွဲယူခြင်းကို ကိုယ်စားပြုသည်။ ပန်းရောင်သည် ဝမ်းမြောက်ခြင်းကို ကိုယ်စားပြုသည်။ အလယ်တွင် ရှိသောဖယောင်းတိုင်ကို ခရစ္စမတ်ဖယောင်းတိုင်ဟု ခေါ်ဆိုကြပြီး ခရစ္စမတ်နေ့မတိုင်မီအထိ ၎င်းကို ထွန်းညှိပူဇော်ခြင်းမပြုကြချေ။

ပထမဖယောင်းတိုင် (ဗျာဒိတ်တော်/မျှော်လင့်ခြင်း ဖယောင်းတိုင်)

တစ်ခါတရံ ပထမဖယောင်းတိုင်ကို ဗျာဒိတ်တော်ဖယောင်းတိုင်ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဘုရား သခင်ထံမှ သတင်းစကားအဖြစ် ပရောဖက်များဟောကြားခဲ့သည့်ကတိတော်များကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ယင်းတို့သည် ခရစ်တော်မွေးဖွားမည့်အကြောင်း ဟောကြားထားသည့်ကတိတော်များဖြစ်သည်။ တချို့ကလည်း ထိုဖယောင်းတိုင်ကို ခရစ်တော်သခင်၌ ထားရှိသော ကျွနု်ပ်တို့၏မျှော်လင့်ခြင်းသင်္ကေတအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့် ၎င်းကို မျှော်လင့်ခြင်းဖယောင်းတိုင်ဟူ၍ လည်း ခေါ်ဆိုကြခြင်းဖြစ်သည်။

ဒုတိယဖယောင်းတိုင် (လမ်းခရီးဖယောင်းတိုင်)

ခရစ်တော်သည် လမ်းခရီးဖြစ်သည့်အကြောင်း(ယော ၁၄း၆)ကို ဒုတိယဖယောင်းတိုင်က ဖော်ပြသည်။ ကျွနု်ပ်တို့လူသားများ သည် အပြစ်မှောင်မိုက်ထဲတွင် လမ်းပျောက်နေကြသူများဖြစ်သည်။ ခရစ်တော်သည် ကျွနု်ပ်တို့အား အမှောင်ထဲမှ ထွက်ရမည့်လမ်းကို ပြသရန် စေလွှတ်တော်မူခြင်းခံရသည့် အလင်းဖြစ်လေသည်။

တတိယဖယောင်းတိုင် (ဝမ်းမြောက်ခြင်းဖယောင်းတိုင်)

တတိယဖယောင်းတိုင်သည် ဤလောကအသက်တာ၌ ခရစ်တော်အားဖြင့်သာလျှင် ထာဝရတည်မြဲသည့် တစ်ခုတည်းသော ဝမ်းမြောက်ခြင်းကို ရှာဖွေတွေ့ရှိနိုင်မည့်အကြောင်း ဖော်ညွှန်းလေသည်။ အခြားသောဝမ်းမြောက်ခြင်းတို့မှာ တဒင်္ဂမျှသာဖြစ်ပြီး မတည်မြဲ ကြချေ။

စတုတ္ထဖယောင်းတိုင် (ငြိမ်းချမ်းသာယာခြင်းဖယောင်းတိုင်)

စတုတ္ထဖယောင်းတိုင်သည် လောကကမ္ဘာနှင့် လူသားတို့၏နှလုံးသားများထဲသို့ ငြိမ်းချမ်းသာယာခြင်းကို ယူဆောင်လာရန် ယေဇူးသခင်ကြွလာတော်မူသည့်အကြောင်းကို ပြန်လည်အမှတ်ရစေသည်။ ခရစ်တော်သခင်သာမရှိပါက ဤကမ္ဘာလောကတွင် ငြိမ်း ချမ်းသာယာခြင်းရှိမည်မဟုတ်ပေ။

ပဉ္စမဖယောင်းတိုင် (ခရစ်တော်၏ဖယောင်းတိုင်၊ သို့မဟုတ် ခရစ္စမတ်ဖယောင်းတိုင်)

ပဉ္စမဖယောင်းတိုင်သည် လူသားအပေါင်းတို့အား ၎င်းတို့၏အပြစ်မှကယ်ချွတ်ရန် မွေးဖွားလာသော ခရစ်တော်သခင်ကိုယ်တော် တိုင်ကို ကိုယ်စားပြုလေသည်။ ၎င်းသည် ခရစ်တော်၏မွေးဖွားခြင်း၌ ပြည့်စုံခြင်းသို့ရောက်သော ပရောဖက်တို့၏ဟောထားချက်များ အတွက် အောင်ပွဲအခမ်းအနားကျင်းပခြင်းဖြစ်သကဲ့သို့ ခရစ်တော်နောက်တစ်ဖန်ကြွလာချိန်တွင် ကျွနု်ပ်တို့လူသားများ ကိုယ်တော်နှင့် အတူ ဘုန်းတော်ဝင်စားရမည့် နောက်ဆုံးသောပြည့်စုံခြင်းကို ဆက်လက်စောင့်မျှော်ခြင်းလည်းဖြစ်ပေသည်။

(မျိုးကြဲသူ)

Crd to Sower CBCM

မျိုးကြဲသူဝိညာဉ်ရေးစာစောင်

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *