#အမေး_အဖြေ ။ စိပ်ပုတီး ဆိုတာ ဘယ်ကစတင်ပြီးဘယ်လို အသုံးပြု လာခဲ့တယ်ဆိုတာ ရှင်းပြပေးပါ။

#အမေး_အဖြေ ။ စိပ်ပုတီး ဆိုတာ ဘယ်ကစတင်ပြီးဘယ်လို အသုံးပြု လာခဲ့တယ်ဆိုတာ ရှင်းပြပေးပါ။

မေး။ ။ ကျမ်းစာထဲမှာ သခင်ယေဇူး ကိုယ်တိုင်မကြာခဏ ဆုတောင်းတယ်ဆိုတာ ဖတ်ရပါတယ်။စိပ်ပုတီး စိပ်တာကိုတော့ တစ်ခါမှမတွေ့ရဘူး။ ဒါကြောင့် စိပ်ပုတီး (Rosray) ဆိုတာ ဘယ်က၊ ဘယ်လို စပြီးအသုံးပြုလာခဲ့တယ် ဆိုတာ ရှင်းပြပေးပါ ခင်ဗျာ။

#အဖြေ။ ။ ကျမ်းစာထဲမှာ သခင်ယေဇူးကိုယ်တိုင် မကြာခဏ ဆုတောင်းတယ်ဆိုတာ မှန်ပါတယ်။ သူစိပ်ပုတီး မစိပ်ခဲ့ရခြင်း အကြောင်းကတော့ သူဟာ ခမည်းတော် ဘုရားနဲ့ တိုက်ရိုက်စကား ပြောနိုင်တဲ့အတွက်ကြောင့် သူဆုတောင်းတဲ့အခါတိုင်း သူနဲ့ ခမည်းတော် ဘုရားတို့အကြား ကြားဝင်ဖြန် ဖြေဆက်သွယ်ပေးမဲ့သူ သူ့အတွက် မလိုအပ်ပါဘူး။ ဒါကြောင့် သူဟာ စိပ်ပုတီးကို မစိပ်ခဲ့တာပါ။ အဲဒီအချိန်တုန်းကလည်း စိပ်ပုတီးဆိုတာ မပေါ်ခဲ့သေးပါဘူး။ စိပ်ပုတီးပေါ်ခဲ့ရင်တောင်မှ သူဟာ စိပ်ပုတီးကို စိပ်ပြီး ဆုတောင်းခဲ့မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် အထက်ကပြောခဲ့သလိုပဲ သူနဲ့ခမည်းတော်ဘုရားတို့အကြား ကြားဝင်ဖြန်ဖြေ ဆက်သွယ်ပေးမဲ့သူ သူ့အတွက် မလိုအပ်လို့ပဲ ဖြစ်ပါတယ်။

စိပ်ပုတီးဆိုတာ ဆုတောင်းနည်း တစ်မျိုး၊ သဒ္ဓါကြည်ညိုခြင်းနည်း တစ်မျိုး ဖြစ်ပါတယ်။ ပုတီးစိပ်ခြင်းကို ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ကက်သလစ်ဘာသာတွေမှာ တွေ့နိုင်ပါတယ်။

ကက်သလစ်ဘာသာ စိတ်ပုတီး (Rosary)ဆိုတဲ့ စကားလုံးဟာ လက်တင် ဘာသာစကား (Rosarium) ရိုဆားစရီယွမ်ကနေ ဆင်းသက်လာပြီး နှင်းဆီပန်းဥယျာဉ်လို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့ လက်ရှိစိပ်ပုတီးစိပ်နည်းဟာ ရှေးယခင်ကတည်းက တည်ရှိခဲ့တာ မဟုတ်ပါဘူး။ တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာပြီးမှသာ အခုလို စိပ်ပုတီး စိပ်နည်းအဖြစ် တည်ရှိလာပါတယ်။

စိပ်ပုတီးစိပ်ခြင်းဟာ ရသေ့များ စတင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ရသေ့များဟာ နေ့စဉ် ဆာလံကျမ်းအစ၊ အဆုံးဖြစ်တဲ့ အခန်းကြီး (၁၅၀) လုံးကို ရွတ်ဆိုရန် တာဝန်ဝတ္တရား ရှိခဲ့ကြပါတယ်။ ဒီလို ဆာလံကျမ်းများကိုရွတ်ဆိုပြီး ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားအား ချီးမွမ်းထောပနာပြုတဲ့ ဆုတောင်းမေတ္တာများအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ စာပေမတတ်ကျွမ်းတဲ့ တစ်သက်ကိုရင်ကြီးများ အတွက် ဆာလံ (၁၅၀)အစား ကောင်းကင်ဘုံမေတ္တာ အခါ(၁၅၀) ရွတ်ဆိုကြပါတယ်။ တချို့စွယ်စုံကျမ်းများမှာ ဖေါ်ပြချက်အရ အိုင်ယာလန် လူမျိုးရသေ့များဟာ သာမန်ဘာသာဝင်များ ဝိညာဉ်ရေးတိုးတက်စေဖို့နဲ့ ဝတ်ပြုကိုးကွယ်ခြင်းမှာ ပါဝင်နိုင်စေဖို့ မိမိတို့ နေ့စဉ်ရွက်ဖတ်ရတဲ့ ဆာလံကျမ်း(၁၅၀)ကို ဆာလံ(၅၀)စီ၊ (၃)ပိုင်း ပိုင်းပြီး ရွတ်ဆိုစေခဲ့ကြပါတယ်။ ဒီလိုပိုင်းထား၊ ခွဲပေးထားတာကြောင့် သာမန်ဘာသာဝင်များလည်း ပါဝင်ရွတ်ဆိုလာနိုင်တာကို တွေ့ရပါတယ်။ စာမဖတ်တတ်တဲ့ သာမန်ဘာသာဝင်များလည်း ဝတ်ပြုကိုးကွယ်ခြင်းမှာ ပါဝင်နိုင်စေဖို့ ဆာလံအခန်း (၁၅၀) အစား ၊ ကောင်းကင်ဘုံမေတ္တာ အခါ (၁၅၀) ရွတ်ဆိုပြီး ဝတ်ပြုကိုးကွယ်ခြင်းမှာ ပါဝင်လာနိုင်တာကိုလည်း တွေ့ရပါတယ်။ တချို့စွယ်စုံကျမ်းများအရ ရသေ့ကျောင်းတော်ကြီးတွေမှာ သီတင်းသုံးနေကြတဲ့ တစ်သက်ကိုရင်ကြီးများဟာ ပျံလွန်တော်မူသွားတဲ့ ရသေ့တစ်ပါးအတွက် ဆာလံကျမ်းအခန်း (၁၅၀) (သို့) ကောင်းကင်ဘုံမေတ္တာ အခါ (၁၅၀) ရွတ်ဆိုကာ ဆုတောင်းပေးခဲ့ကြရာ ကနေ ဒီကျင့်စဉ်ကျင့်ထုံးကို ကျင့်သုံးလာခဲ့ကြတာဖြစ်ပါတယ်။ ဒီဆုတောင်း မေတ္တာများကို ရေတွက်ဖို့ကြိုးနဲ့သီကုံးထားတဲ့ အစေ့တွေ ကျောက်ခဲကလေးတွေကို အသုံးပြုလာခဲ့ကြရပါသည်။

တချို့စွယ်စုံကျမ်းများမှာတော့ ဆာလံကျမ်း (၁၅၀)ဟာ ပုဂ္ဂိုလ်(၃)ပါး ဘုရားတစ်ဆူအား ချီးမွမ်းထောပနာပြုတဲ့ ဆုတောင်းမေတ္တာများဖြစ်သလို မယ်တော်သခင်မအား ချီးမွမ်းထောပနာပြုချင်တဲ့ သူများကလည်း ဆာလံ(၁၅၀) အစား အာဝေမာရီယားမေတ္တာ အခါ (၁၅၀)ရွတ်ဆိုပြီး ချီးမွမ်းထောပနာ ပြုခဲ့ကြတယ်လို့လည်း တွေ့ရပါတယ်။

ဆာလံတစ်ခုစီရွတ်ဆိုစဉ်မှာ သခင်ယေဇူးနဲ့ မယ်တော်သခင်မတို့ရဲ့ လောကတစ်သက်တာက ဘဝဖြစ်စဉ် နက်နဲရာအချက်များကို စတင်ကမ္မဌာန်း ထောက်ရှုလာခဲ့ကြပါတယ်။ ၁၂ ရာစုမှာ ဝမ်းမြောက်ဖွယ်ရာ နက်နဲလှစွာသော (၅) ချက်နဲ့၊ ၁၄ ရာစုမှာ မယ်တော်သခင်မရဲ့ နာကျင်ခြင်း ခုနှစ်ထွေတို့ကို စတင်ကမ္မဌာန်း ထောက်ရှု လာခဲ့ကြပါတယ်။

ခရစ်နှစ် ၁၄၁၀ နဲ့ ၁၄၃၉ တွေ မှာတော့ ပရူးဆီရာက “ကာသူဆီယန် အသင်းဝင်” ဒေါမိနစ်ကနေ သခင်ယေဇူးနဲ့ မယ်တော်သခင်မတို့ရဲ့ ဘဝဖြစ်စဉ် ကမ္မဌာန်းထောက်ရှုချက်တွေကို အာဝေမာရီယားမေတ္တာ (၅၀)နဲ့ ပေါင်းပြီး ရွတ်ဆို သဒ္ဓါကြည်ညိုခြင်းကို စတင်ခဲ့ပါတယ်။ အသင်းဝင် ကားလ်ကာမှ ဟင်နရီက အာဝေမာရီယားမေတ္တာ (၅၀) ကို ၁၀-ပုဒ်စီ ခွဲပြီး မေတ္တာ(၁၀)ပုဒ်စီ အကြား၊ ကောင်းကင်ဘုံမေတ္တာတစ်ပုဒ်နဲ့ ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေသော ဆိုတဲ့မေတ္တာကို ရွတ်ဆိုဖို့ ထည့်သွင်းခဲ့တာပါ။ ဒါ့အပြင် ၁၉၁၇ ခုနှစ် ဖာတီမာမြို့မှာ ကလေး (၃)ယောက်ကို မယ်တော် ထင်ရှားပြစဉ်က သင်ကြားပေးခဲတဲ့ “အိုသခင်ယေဇူး၊ ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ ငရဲမီးဒဏ်မှ ကျွန်ုပ်တို့ ကယ်တော်မူပါ၊ ဝိညာဉ်များအားလုံး အထူးသဖြင့် ကိုယ်တော်၏သနားခြင်းကို လိုအပ်နေသော ဝိညာဉ်များကို မိုးကောင်းကင်သို့ ပို့ဆောင်တော်မူပါ ” ဆိုတဲ့ မေတ္တာကိုလည်း စိပ်ပုတီးစိပ်ရာမှာ ထည့်သွင်းလာခဲ့ကြပါတယ်။ ၁၆ ရာစုရောက်မှပဲ စိတ်ပုတီးစိပ်ရာမှာ ဆိုရတဲ့ မေတ္တာတွေဟာ စနစ်တကျဖြစ်လာခဲ့ပါတယ်။

အချုပ်ပြောရမယ်ဆိုရင်တော့ စိပ်ပုတီးကို သဒ္ဓါကြည်ညိုကိုးစားသူ ပုပ်ရဟန်းမင်းကြီးလို့ ကျော်ကြားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ၁၃ ဆက်မြောက် လေအို (Pope Leo XIII) က အစပြုပြီး ပုပ်ရဟန်းမင်းကြီးများက စာချွန်တော် အသီးသီးကနေ စိတ်ပုတီးစိပ်ခြင်းကို ရှေးထုံး အစဉ်အလာ ဆုတောင်းမေတ္တာအဖြစ် ထိန်းသိမ်းခဲ့ကြပါတယ်။ စိပ်ပုတီးစိပ်ပြီး သဒ္ဓါကြည်ညိုခြင်းပြုကြဖို့ တိုက်တွန်းအား ပေးထားတဲ့ စာချွန်တော် (၁၇) စောင်ကိုလည်း တွေ့နိုင်ပါတယ်။ စိပ်ပုတီးစိပ်ခြင်းဟာ ဆုတောင်းနည်းတစ်မျိုး၊ သဒ္ဓါကြည်ညိုခြင်း တစ်မျိုးဖြစ်သလို စိပ်ပုတီးရဲ့ အံ့ဖွယ်တန်ခိုး အကျိုးကျေးဇူးတွေကို သမိုင်းမှာ လေ့လာသိရှိနိုင်ပါတယ်။

၁၅၇၁ အောက်တိုဘာ (၇)ရက် မှာ ခရစ်ယာန်များနဲ့တူရကီလူမျိုးတွေ စစ်ဖြစ်ကြတဲ့ လေပန်းတို (Lepoanto) ရေကြောင်းတိုက်ပွဲမှာ ခရစ်ယာန်တွေဖက်က စစ်သားများဟာ စိပ်ပုတီးစိပ်ကာ တိုက်ခိုက်ခဲ့လို့ တူရကီလူမျိုးတွေ အရေးနိမ့်သွားကြပြီး စိတ်ပုတီးတန်ခိုးနဲ့ ခရစ်ယာန်များ တိုက်ပွဲအောင်လံလွှင့်ထူ နိုင်ခဲ့ကြပါတယ်။ ဒီလို စိပ်ပုတီးတန်ခိုးနဲ့ အောင်လံလွှင့်ထူနိုင်ခဲ့တဲ့ အောက်တိုဘာလ (၇)ရက်နေ့ကို ပုပ်ရဟန်းမင်းကြီး ပဥ္စမမြောက် ပီဦး (Pope Pius V) က “အလွန်သန့်ရှင်းသော စိပ်ပုတီးပွဲနေ့” အဖြစ်နှစ်စဉ် ကျင်းပသွားကြဖို့ သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

Reference:

1. The Catholic Encyclopaedia Dictionary (Donald Attwater 1943)

2. The new dictionary of theology (Joseph A.Komonchak Mary Collions Dermot.A.Lane)

3. New Catholic Encyclopedia Vol.12, August 1996

4. A Dictionary of Liturgy and Worship (J.G dayies)

#Crd

#မန်းကျော်ကျော်

#ရေနက်ရာ(မြန်မာကက်သလစ်ဘလော့)

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *