ကယ်တင်ခြင်းနှင့်ကိုယ်ကျင့်တရား

ကယ်တင်ခြင်းနှင့်ကိုယ်ကျင့်တရား

ကယ်တင်ခြင်းဆိုသည်မှာ နောင်တမလွန်ဘ၀၌သာ မျက်မှောက်ပြုနိုင်သော အမှန်တရားမဟုတ်။ ကယ်တင်ခြင်းကို လူသားတိုင်း ဤလောကဘ၀တွင် မျက်မှောက်ပြုနိုင်ကြသည်။ လူသားတို့သည် ဤလောက၌ပင် ကယ်တင်ခြင်းကို မျက်မှောက်ပြုနိုင်ကြောင်း ယေဇူးကိုယ်တော်တိုင် မိမိနှုတ်ဖြင့် မြွတ်ဆို ခဲ့လေသည်။

သင်တို့မြင်တွေ့ရသောအရာများကိုမြင်ရ သောမျက်စိတို့သည် မင်္ဂလာရှိကြ၏။- အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသောပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသောအရာ များကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြရဟု သူတို့ အား သီးခြားမိန့်တော်မူ၏။ (လု ၁၀း ၂၃-၂၄)

ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်အခါ၌ ရောက်လာမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြသဖြင့် ကိုယ်တော်က သူတို့ကို ပြန်ပြောတော်မူသည်ကား ဘုရားသခင်၏နိုင်ငံတော်သည် မြင်နိုင်သောနိမိတ်လက္ခဏာများဖြင့် ရောက်လာ မည်မဟုတ်။- ကြည့်ကြ၊ ၎င်းသည် ဤအရပ်၌ ရှိ၏။ သို့မဟုတ် ထိုအရပ်၌ရှိ၏ဟူ၍လည်း သူတို့မပြောနိုင်။ အ ကြောင်းမူကာ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ အလယ်၌တည်ရှိသောကြောင့်တည်းဟု မိန့်တော်မူ၏။ (လု ၁၇း ၂၁-၂၃)

ကယ်တင်ခြင်း ဆိုသည်မှာ အနှီခန္ဓာဘ၀မှ လွတ်မြောက်ပြီး ထာ၀ရတည်သော ဘ၀ဖြင့် ဘုရားနှင့် ထာ၀ရ ပေါင်းစည်းခွင့်ရခြင်း (ယော ၃း ၁၅)၊ ဘုရားဘုန်းတော်၌ ထာ၀ရ၀င်စားရခြင်း (ဗျာဒိတ် ၁၂း ၁၀)တစ်နည်းဖြင့် ထာ၀ရသုခ နိုင်ငံတော်၌ ထာ၀ရ အသက်ရှင်စံစား ရခြင်းပင်ဖြစ်သည်။ သို့သော် ထာ၀ရ ဘုရားသည် နောင်တမလွန်ဘ၀၌သာ တည်ရှိသည်မဟုတ်။ အတိတ်၊ ပစ္စုပ္ပာန်၊ အနာဂတ် တို့၌ ထာ၀စဉ် ထာ၀ရ တည်ရှိနေသည်။

ထို့ကြောင့် လူသားတို့သည် အဆုံးစွန် ပြည့်၀သော ကယ်တင်ခြင်းကို စောင့်မျှော်နေရင်း ဤလောကဘ၀၌ပင် ကယ်တင်ခြင်းကို တစွန်းတစ မျက်မှောက်ပြု နိုင်ကြပေသည်။ ခရစ်တော်သည် ကယ်တင်ခြင်းကို ယူဆောင်ပေးခဲ့သည်။ ကယ်တင်ခြင်းသည် လူသားတိုင်းကို ပေးသော ဘုရား၏ လက်ဆောင်မွန် ဖြစ်သည်။ မှန်၏။ သို့သော် ဤကယ်တင်ခြင်းကို ရယူပိုင်ဆိုင်ရန်မှာ လူသား၏ တာ၀န်ဖြစ်သည်။ ကယ်တင်ခြင်းကို ရယူပိုင်ဆိုင်ခြင်းသည် ကယ်တင်ခြင်းဘ၀ကို ရယူပိုင်ဆိုင်ခြင်းဖြစ်သည်။ ကယ်တင်ခြင်းဘ၀သည် မိမိကိုယ်ကို ဗဟိုပြုသောအတ္တမှ ရုန်းထွက်၍ ပျက်ပြားတတ်ခြင်းသဘောမှ လွတ်မြောက်ပြီး ဘုရားနှင့် ပေါင်းစည်းအသက်ရှင်ခြင်း၊ (အေးချမ်း)တည်မြဲခြင်း၌ အသက်ရှင်ခြင်း၊ ကောင်းမြတ်ခြင်း၌ အသက်ရှင်ခြင်း စသည်တို့ ဖြစ်သည်။ ကယ်တင်ခြင်းသည် တဒင်္ဂမှ ထာ၀ရသို့ လွတ်မြောက်ခြင်း၊ ပျက်စီးခြင်းမှ တည်မြဲခြင်းသို့လွတ်မြောက်ခြင်း ၊ ဆိုးယုတ်ခြင်းမှ ကောင်းမြတ်ခြင်းသို့ လွတ်မြောက်ခြင်း (၂ကော် ၂း ၁၅-၊ သက် ၂း ၁၀-၁၂) စသည့်သဘောရှိသည်။

ထို့ကြောင့် ကယ်တင်ခြင်းကို လောကဘ၀၌ မျက်မှောက်ပြုခြင်းသည် ထာ၀ရသို့ လွတ်မြောက်စေမည့်၊ တည်မြဲခြင်းသို့လွတ််မြောက်စေမည့်၊ ကောင်းမြတ်ခြင်းသို့ လွတ်မြောက်စေမည့် သစ္စာတရားလမ်းအတိုင်း ဘ၀ကို တည်ဆောက်ခြင်းပင်ဖြစ်သည်။ သစ္စာတရားသည် ခရစ်တော်ပင်ဖြစ်သည် (ယော ၁၄း ၁၆)။ ကယ်တင်ခြင်းကို ရရှိပိုင်ဆိုင်သော ဘ၀သည် ခရစ်တော်၌ အသက်ရှင်ခြင်းဖြစ်သည် (ရောမ ၆း ၃-၁၂)။ ခရစ်တော်၌ အသက်ရှင်ခြင်းသည် ခရစ်တော်ကို စံနမူနာထား၍ ခရစ်တော်၏ အဆုံးအမအတိုင်း ခရစ်တော်နှင့် ပေါင်းစပ်ကာ ဘ၀ကို ရှင်သန်စေခြင်းဖြစ်သည်။ ၎င်းသည် ခရစ်ယာန်တို့၏ ကိုယ်ကျင့် တရားပင်ဖြစ်သည်။

ခရစ်ယာန်ကိုယ်ကျင့်တရားသည် စစ်မှန်သော လူသား တစ်ယောက်အဖြစ် အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်ယာန်ကိုယ်ကျင့်တရားသည် ဘုရားသခင်၏ ပုံသဏ္ဍန်တော် အတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ခရစ်ယာန်ကိုယ်ကျင့်တရားသည် ကယ်တင်ခြင်း (လွတ်မြောက်ခြင်း) ကို မျက်မှောက်ပြု အသက်ရှင်ခြင်း ပင်ဖြစ်သည်။

Fr သက်ထွေးအောင်

Crd!

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *