ရဟန်း၀တ်ကော်လံ (သို့) ရိုမန်ကော်လံ

ရဟန်း၀တ်ကော်လံ (သို့) ရိုမန်ကော်လံ

မေး။ ကက်သလစ်ဘုန်းတော်ကြီးတွေရဲ့လည်ပင်း မှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးက ဘာလဲမသိလို့ ရှင်းပြပေးပါ။ ဘယ်အချိန်က စတင်၀တ်ဆင်လေ့ရှိကြတယ်ဆိုတဲ့ သမိုင်းလည်း သိပါရစေ။

ဖြေ။ ဟုတ်ကဲ့။ ကက်သလစ်ဘုန်းတော်ကြီးများရဲ့ လည်ပင်းမှာ ပတ်ဆင်လေ့ရှိတဲ့ နှစ်လက်မခန့်အဖြူပြားကြီးကို ရဟန်း၀တ်ကော်လံ (Clerical Collar) ဒါမှမဟုတ် ရိုမန်ကော်လံ (Roman Collar)လို့ ခေါ်ပါတယ်။ ကက်သလစ်အသင်းတော်ထဲမှာ ရှေးခေတ်ကာလမှစပြီး ယနေ့ခေတ်ထိအောင် ရဟန်းအမျိုးစားများနှင့် ၎င်းတို့၏သင်္ကန်း၀တ်ရုံများလည်း တိုးတက်ပြောင်းလာခဲ့တာတွေ ရှိပါတယ်။

အဲဒီတိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အခုလို ၀တ်စားဆင်ယင်မှုလည်း ပြောင်းလဲလာခဲ့တာ ရှိပါတယ်။ သင်္ကန်း၀တ်ရုံရှည်တွေကိုလည်း ၀တ်ဆင်ကြသလို၊ အခုလို လူတွေကြားမှာ သွားလာလှုပ်ရှားတဲ့အခါ ရဟန်းဂုဏ်လက္ခဏာ (identity) မပျောက်အောင် ၀တ်ဆင်ကြပါတယ်။ လူ့ဘောင်လူ့ပတ်၀န်းကျင် အသိုင်းဝုိင်းထဲကျင်လည်ပြီး သာသနာပြုလုပ်ငန်းများ၊ ပညာရေး၊ လူမှုရေး၊ ပရဟိတအရေးတို့နှင့် အခြားလူမှုကောင်းကျိုးအဖြာဖြာတို့မှာ ကိုယ်တိုင်ရှေ့ဆုံးမှပါ၀င်ကာ တက်တက်ကြွကြွ ဆက်ကပ်လှုပ်ရှားသူတွေဖြစ်တာမို့ ကက်သလစ်ဘုန်းတော်ကြီးများအတွက် သင်္ကန်းရှည်ကြီးတွေ ခြုံရုံ၀တ်ဆင်လို့ အဆင်မပြေပါဘူး။ နောက်ပြီး ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ – secularization world အတွက်လည်း ပရော်ဖက်ရှင်နယ်ကျပြီး စမတ်ကျတဲ့ပုံစံတွေသာ လူရာ၀င်လာတာမို့ ခေတ်နှင့်လိုက်ရောညီထွေမှုရှိပြီး ရဟန်းတို့ရဲ့ identity ဂုဏ်လက္ခဏာလည်း မပျောက်အောင် နည်းလမ်းရှာရပါတယ်။

အဲဒီမှာပဲ လူ့အသိုင်းဝိုင်း၊ လူ့ပတ်၀န်းကျင်မှာ ရဟန်းဆိုတဲ့ဂုဏ်လက္ခဏာ identity မပျက်စေတဲ့ ဒီလို၀တ်စုံကို စတင်၀တ်ဆင်လာခဲ့ကြတာပါပဲ။ ယနေ့ပုံစံတိုင်း၀တ်ဆင်နေကြတာဟာ ၂၀ ရာစုကမှ စတင်လာခဲ့တာပါ။

ဒါပေမယ့် ဒီနေ့ခေတ် ရိုမန်ကော်လံရဲ့ သမိုင်းကတော့ ၁၇ ရာစုလောက်ကတည်းက ပြင်သစ်ဒီဇိုင်းပုံစံနဲ့ စတင်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ (အချို့ကလည်း ဒီလိုကော်လံဒီဇိုင်းဟာ ၁၅ ရာစုကတည်း စတင်နေခဲ့ပြီလို့ ဆိုကြပါတယ်။) ၁၉၉၁ ခုနှစ်မှာတော့ ပုပ်ရဟန်းမင်းကြီးဒုတိယမြောက်ဂျွန်ပေါက ဒီနေ့ခေတ်ကာလမှာ ရဟန်းတစ်ပါးရဲ့ identityဟာ ရှင်းရှင်းလင်းလင်းရှိနေဖို့ လိုတဲ့အတွက်ကြောင့် ဒီရိုမန်ကော်လံဒီဇိုင်းဟာ အသင့်တော်ဆုံးဆိုပြီး ကက်သလစ်ဘုန်းကြီးတိုင်း၀တ်ဖို့ စာချွန်တော်နဲ့တကွ တိုက်တွန်းခဲ့ပါတယ်။ အရှင်သူမြတ်ကြီးရဲ့ စာချွန်တော်ထဲမှာ ဒီလိုရိုမန်ကော်လံကို ၀တ်ဆင်သင့်တဲ့ ရည်ရွယ်ချက် (၂၃)ချက်ကို ထည့်သွင်းထားပါတယ်။ ရဟန်းဆိုတာ ဘုရားသခင်ထံ ဆက်ကပ်ထားတဲ့ တသီးတခြားပုဂ္ဂိုလ်တွေဖြစ်ကြောင်း ဒီကော်လံ၀တ်ဆင်ခြင်းအားဖြင့် မြင်သာစေတဲ့ အမှတ်သားတစ်ခုပါပဲ။ ဒီလို၀တ်ဆင်ခြင်းအားဖြင့် တခြားဒီဇိုင်းမျိုးစုံတဲ့ အ၀တ်စားတွေမှာ စိတ်မရောက်စေဘဲ ဆင်းရဲခြင်းကို ကျင့်ကြံရာလည်း ရောက်ပါတယ်။ ဒါ့အပြင် အသင်းတော်ရဲ့ဥပဒေမှာလည်း ရဟန်း၀တ်ရုံသင်္ကန်းကို ၀တ်ဆင်ဖို့ ဥပဒေရှိနေတာမို့ ဒီရိုမန်ကော်လံကို ၀တ်ဆင်သင့်ပါတယ်။ လူ့ဘုံအလည်မှာ သွားလာလှုပ်ရှားနေတဲ့အခါမှာလည်း ဒီရိုမန်ကော်လံ၀တ်ဆင်ထားခြင်းအားဖြင့် ရဟန်းဆိုတာကို လူတွေက သိကြပါလိမ့်မယ်။ ဒါမှ ရဟန်းတစ်ပါးရဲ့ ရည်ရွယ်ချက်တွေကိုလည်း တန်းမြင်မိကြမှာဖြစ်ပါတယ်။ … စသဖြင့် မိန့်ဆိုထားတာကိုတွေ့ရပါတယ်။ ဒီရိုမန်ကော်လံ၀တ်ဆင်ခြင်းကို အသင်းဂိုဏ်းကွဲပါစတာတွေက ထွင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ ဒီနေ့ခေတ်ဒီဇိုင်းကော်လံအတွက်တော့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းဂိုဏ်းကွဲပါစတာတွေဟာ ဘုန်းတော်ကြီးတွေမဟုတ်တဲ့အတွက် အဲဒီအချိန်အခါကတည်းက မိမိတို့ကိုယ်ကို သာမန်ယုံကြည်သူတွေနဲ့ မတူတဲ့ identity ပြတဲ့နည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီကော်လံမျိုးကို ၀တ်ဆင်လာခဲ့တာတော့ ၁၅ ရာစုကတည်းကမို့ တကယ့်မူလတည်ထွင်သူတွေကတော့ အသင်းဂိုဏ်းကွဲတွေမပေါ်ခင်က အသင်းတော်ကြီးပါပဲ။ ဒီနေ့ ဒီလိုရဟန်း၀တ်ကော်လံမျိုးကို ကက်သလစ်အသင်းတော်ကြီးအပါအ၀င် အခြားအသင်းဂိုဏ်းကွဲများလည်း အသုံးပြုကြပါတယ်။ သို့သော်လည်း ရိုမန်ကော်လံကိုတော့ ကက်သလစ်ရဟန်းများသာ ၀တ်ဆင်ကြပါတယ်။ ဒိုမီနီကန်ကိုရင် ကိုးကားချက်များ။

https://www.ewtn.com/library/PRIESTS/RMCOLLAR.TXT

http://www.ewtn.com/v/experts/showmessage.asp?number=449735

https://aleteia.org/2017/08/30/why-do-priests-wear-a-white-collar

www.ewtn.com

ewtn.com

rvamyanmar
rvamyanmar
Articles: 1794

Leave a Reply

Your email address will not be published. Required fields are marked *