သံဖရန်စစ်ဇေးဗီးယားသီလရှင် အသင်းဂိုဏ်းကိုတည်ထောင်သူ ဆရာတော်ကြီး Alexander Cardot

သံဖရန်စစ်ဇေးဗီးယားသီလရှင် အသင်းဂိုဏ်းကိုတည်ထောင်သူ

ဆရာတော်ကြီး Alexander Cardot

ဂိုဏ်း၏ဖခင်ဆရာတော်ကြီး Alexander Cardot သည် ၁၈၅၇၊ ဇန္နဝါရီလ ၁၀ ရက်နေ့တွင် ပြင်သစ်ပြည် Besabcon မြို့တွင် ဖွားမြင်ခဲ့သည်။ လောကီဆိုင်ရာပညာရပ်များကို သင်ကြားတတ်မြောက်ပြီးနောက် The Society of Foreign Missions in Paris (MEP) ပြင်သစ် အဝေးသာသနာပြုအဖွဲ့ အစည်းဂိုဏ်းဝင်ရဟန်းတစ်ပါးဖြစ်လာသည်။ ၁၈၇၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နေ့တွင် ရဟန်းသိက္ခာခံယူပြီး ၃ လကြာသောအခါ၊ ၁၈၇၉ ခုနှစ်၊ ဒီဇင်္ဘာလ ၁၄ ရက်နေ့၊ အသက် ၂၂ နှစ်တွင် ပင်လယ်ရပ်ခြား တိုင်းတစ်ပါးဖြစ်သည့် အရှေ့တောင်အာရှရှိ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

ဆရာတော် Alexander Cardot မြန်မာပြည်ရောက်သည့်အချိန် ၁၈၇၉ ခုနှစ်တွင် မြန်မာပြည်တောင်ပိုင်း ကက်သလစ် သာသနာ၏ အင်အားအခြေအနေစာရင်းမှာ ကက်သလစ်ဘာသာသူလူဦးရေပေါင်း ၁၂၁၈၉ ဦး၊ သာသနာနယ် ၂၅ခု၊ ဘုရား ကျောင်းစုစုပေါင်း ၅၀ ရှိပါသည်။ သာသနာအမှုတော်ထမ်းဆောင်နေသောသူများမှာ ဥရောပသားရဟန်း ၁၇ ပါး၊ တိုင်းရင်းသားရဟန်း ၆ ပါး၊ ဓမ္မဆရာ ၂၀ ဦးရှိပါသည်။ စာသင်ကျောင်းတွင်စာသင်နေသော ဘရာသာရ် ၂၁ ပါး၊ ဥရောပသားသီလရှင် ၂၆ ပါး၊ တိုင်းရင်းသား ကရင်သီလရှင် ၁၆ ပါးရှိသည်။ ထိုနှစ်တွင်ဆေး ကြောခြင်းခံပြီး ဘာသာဝင်လာသူ ၂၅ ဦး၊ ဆေးကြောခြင်းခံသော ကက်သလစ်ကလေးပေါင်း ၅၇၅ ယောက်ရှိခဲ့ပါသည်။

Bishop Paul Bigandet, MEP သည် ရဟန်းတော် ၄ပါးနှင့်အတူ၊ ၁၈၅၆ ခုနှစ်တွင် မြန်မာပြည်သို့ ရောက်ရှိနေပြီးဖြစ်သည်။ Fr. Alexander Cardot သည် ဆရာတော် Paul Bigandet ၏ညွှန်ကြားမှုအောက်တွင် ၄ နှစ်တိုင် သာသနပြု ဧဝံအလိသတင်းကောင်းဖြန့်ချီခဲ့သည်။ မြန်မာပြည်တောင်ပိုင်းရှိ တိုင်းရင်းသားများနေထိုင်ရာ တောင်ပေါ်မြေပြန့်သို့ နယ်လှည့်ခရီးထွက်ခဲ့ရာ ဧဝံလိသတင်းကောင်းကိုကြားနာခွင့်မရသေးသောသူများစွာ ရှိနေသေးကြောင်းတွေ့ရသည်။ အခြေခံ အသိတရားဖွင့်ပေးပြီးဘဝမြှင့်တင်ပေးမည့်သူ အထူးလိုအပ်နေကြောင်းတွေ့ရသည်။ သာသနာလုပ်ငန်းကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ရာ ဆရာတော်ကြီး Paul Bigandet ပျံလွန်တော်မူသဖြင့် ၁၈၉၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် Fr. Alexander Cardot သည် ဆရာတော်သိက္ခာကိုခံယူခဲ့သည်။

ဆရာတော် Alexander Cardot သည် ဆရာတော်ဖြစ်လာသောအခါ ပုသိမ်မြို့တွင်နေရသည့်အချိန်နည်းလာသည်။ ရန်ကုန်၊ မော်လမြိုင်နယ်များကိုလည်း ကြည့်ရှုလမ်းညွှန်နေရပါသည်။ ပုသိမ်နယ်တစ်လျှောက်ကြည့်ရှုခဲ့ရာ၊ ရွာပေါင်းများစွာမှာ စာသင်ကျောင်းမရှိဘဲ ဘာသာရေးမှဖွင့်ထားသော တောရွာကျောင်းတစ်ကျောင်းသာတွေ့ခဲ့ရသည်။ ရန်ကုန်မြို့တော်တွင် စာသင်ပေးနေကြသောသီလရှင်များမှာ တောရွာရှိဆင်းရဲသားကလေးငယ်များအတွက် စိတ်ဝင်စားမှုမပေးနိုင်ကြပါ။

ဆရာတော်သိက္ခာခံယူပြီးသည်နှင့်တပြိုင်နက် ဆရာတော်ကာဒိုးသည် တိုင်းရင်းသားရဟန်း၊ သီလရှင်များ၏ဝိညာဉ်၊ ကာယဖွံ့ဖြိုးမှုကို ဦးစွာဆောင်ရွက်ပေးသည်။ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရန် ကိုယ်တိုင်ဖိတ်ခေါ်စည်းရုံးပေးသည်။ ပထမဦးစွာ Fr. Lefevre ကို ပုသိမ်မြို့သို့ပို့ပြီး စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်များအတွက် သီလရှင်ဖြစ်သင်တန်းကျောင်း ဖွင့်ရန်ပြင်ဆင်မှုပြုလုပ်စေသည်။ ထိုအချိန်မှာ ဓမ္မဆရာနှင့်ကျောင်းဆရာအဖြစ် ရွာငယ်များတွင်စာသင်ကြားပေးနေသော ဆက်ကပ်အမျိုးသမီး ၂၀ ခန့်ရှိနေပေပြီ။

၁၈၉၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဆရာတော်ကြီးကာဒိုးသည် မိမိနှင့်အတူ မော်လမြိုင်မြို့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သော St. Joseph of the Apparition သီလရှင်များကိုဖိတ်ခေါ်ပြီး သီလရှင်ဖြစ်သင်တန်းကျောင်းကို ကြည့်ရှုရန်တာဝန်ပေးခဲ့သည်။

၁၈၉၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် Mother Maria, SJA နှင့်သီလရှင်သုံးပါးတို့သည် ပုသိမ်သို့ ရောက်ရှိလာသည်။ ပုသိမ်မြို့ရှိ စိန်ပီတာ ဘုရားကျောင်းဝင်းထဲတွင်ကျောင်းဆောင်နေရာထိုင်ခင်းချထားပေးပြီး ကျောင်းသူများကိုကြည့်ရှုစေသည်။ မကြာခင်မှာပင် ဓမ္ဘီမှဂျွာနား၊ ထရေဇားနှင့်ဘေနေဒိတာ မိန်းကလေးသုံးဦးတို့ ရောက်ရှိလာသည်။ သူတို့သုံးဦးသည် ပထမဦးဆုံးစိန်ဖရန်စစ် ဇေးဗီးယားသီလရှင်လောင်းများဖြစ်လာကြသည်။ မကြာခင်မှာပင် ပေါက်ဆိန်ပဲ့မှ အန်ဂျေလား ထပ်မံရောက်ရှိလာသည်။

ဆရာတော်ကာဒိုးသည် စိန်ဖရန်စစ်ဇေးဗီးယားသီလရှင်များအား ပုံသွင်းပျိုးထောင်မှုလုပ်ငန်းကို မဖြစ်ဖြစ်အောင်မနားမနေ နည်းမျိုးစုံဖြင့် ပါဝင်ဆောင်ရွက်နေချိန်မှာပင် မကျန်းမမာဖြစ်လာခဲ့သည်။ ထိုအချိန်မှာ Fr. Lefevre က ကောင်းစွာတာဝန်ယူ ဆောင်ရွက်ပေးနေသဖြင့် အစစအရာရာ အဆင်ပြေအောင်မြင် လျက်ရှိပါသည်။

ပြင်သစ်ပြည်တွင် ၂ နှစ်ခန့်ဆေးကုသမှုခံယူပြီး ၁၈၉၉ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ ၁၉၀၁ ခုနှစ်တွင် ပုသိမ်မြို့ပတ်ဝန်းကျင်တွင် ကက်သလစ်ဘာသာဝင် ၉၇၂ ဦးရှိပြီး Fr. Jumentier က ဘာသာသူများကို ဦးဆောင်ကြည့်ရှု ပေးနေသည်။ ထိုအချိန်တွင် သီလရှင် ၁၀ ပါးခန့်ရှိပြီး ကျောင်းလာနေသော မိန်းကလေး ၁၀ဝ ရှိခဲ့ပါသည်။ ၁၉၀၁ ခုနှစ် ဇန်နဝါရီလတွင် Fr. Jumentier m ပတ်ဝန်းကျင်ရွာများသို့သွားပြီး သီလရှင်ဖြစ်သင်ကျောင်းအတွက်နှင့်မိန်းကလေးများအတွက် စပါးအလှူလိုက်ခံပါသည်။ သူသည် စာပုံနှိပ်တိုက်ကိုလည်းတပါးတည်း တာဝန်ယူနေရပြီ။ မြန်မာစာလုံးစာပုံနှိပ်စက် အသစ်ဝယ်ယူကာ ဝိညာဉ်ရေး၊ ပညာရေးဆိုင်ရာစာအုပ်များစွာထုတ်လုပ်နိုင်ခဲ့သည်။ အဖက်ဖက်မှဖွံ့ဖြိုးတိုးတက်လာကာစ ဖြစ်သော ပုသိမ်သာသနာအတွက် ဆရာတော်ကြီးကာဒိုးသည် လွန်စွာအားရကျေနပ်မှုရှိခဲ့ပါသည်။

၁၉၀၆ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ဆရာတော်ကြီးကာဒိုးသည် သီလရှင်လောင်း ၈ ပါးခေါင်းဆောင်းခံယူပွဲအတွက် ပုသိမ်သို့ ရောက်ရှိလာသည်။ စိန်ဂျိုးဇက်သီလရှင်ဂိုဏ်း၏ ဥက္ကဋ္ဌအကြီးအကဲလည်း မြန်မာပြည်သို့ ရောက်လာရာ ပုသိမ်သို့ လာရောက်ကြည့်ရှုခဲ့လေသည်။ ထိုနှစ်တွင် ဆရာတော်ကြီးကာဒိုး၊ Fr. Provost နှင့် စိန်ဂျိုးဇက်သီလရှင်အကြီးအကဲတို့ အတူဆွေးနွေးတိုင်ပင်ပြီး သီလရှင်ဖြစ်သင်ကျောင်းကို အနာဂါတ်တွင် ပိုမိုပြည့်စုံလေးနက်အောင်ဆောင်ရွက်သွားမည့် စီမံကိန်းများရေးဆွဲ ခဲ့ကြသည်။ ထိုနှစ်တွင် သီလရှင်များအပါအဝင် ၇ ဦး ဆရာဖြစ်လက်မှတ်ရယူခဲ့ကြသည်။

တဖက်မှာသာသနာအမှု အောင်မြင်တိုးတက်လာသော်လည်း တဖက်မှာရောဂါဘေးနှင့်ရင်ဆိုင်ရသည်။ ဘယ်ရီဘယ်ရီ အရိုးပျော့ ဖေါရောင်ရောဂါကပ်ကြီး ဖြစ်ပွားရာ Fr. Provost သည်လည်း အလူးအလဲခံစားနေရသဖြင့် ပြင်သစ်ပြည်သို့ ဆေးကုရန် ပြန်သွားရသည်။ Fr. Provost တာဝန်ယူနေသောစာသင်ကျောင်းနှင့် သီလရှင်ဖြစ်သင်ကျောင်းမှာ အထူးအရေးကြီး နေသောကြောင့် ဆရာတော်ကြီးကာဒိုးကိုယ်တိုင် ဝင်ရောက်တာဝန်ထမ်းဆောင်နေရပါသည်။ သာသနာပြုသီလရှင်များ အထူးလိုအပ်နေသောကြောင့် ၁၉၁၀ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ပြင်သစ်ပြည်ရှိ MEP အကြီးအကဲထံသို့ စာရေးလိုက်ပါသည်။ သာသနာ့လယ်ခင်းတွင် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သာသနာပြုပုဂ္ဂိုလ် အထူးလိုအပ်နေပါသည်။ ကျွန်ုပ်နေရာကို အစားထိုးဖို့ လူမတွေ့ပါ။ Fr. Provost ကိုခေါ်ယူလိုက်ရင် သူ့နေရာမှာ အစားထိုးဖို့ လူမတွေ့ပါဟုရေးခဲ့သည်။

ဆရာတော်ကြီးကာဒိုးသည် အခြေခိုင်စပြုလာသော ပုသိမ်သာသနာကို Fr. Provost အားဆက်လက်တာဝန်ယူစေသည်။ Fr. Provost သည် သူ၏တမန်တော်လုပ်ငန်းကို အောင်မြင်ထမြောက်စွာလုပ်ဆောင်နေပါသည်။ သို့သော် သူသည် အလွန်အကျွံ အလုပ်လုပ်လွန်းနေသည်ဟုဆိုခဲ့၏။

၁၉၀၅ ခုနှစ်တွင်လည်း ကာလဝမ်းရောဂါဆိုးကြီးဆက်လက်ဖြစ်ပွားရာ သီလရှင်လောင်းတစ်ပါးသေဆုံးခဲ့သည်။ ရောဂါဖြင့် ၁၉၀၃ ခုနှစ်တွင် Fr Ambiche ပျံလွန်သည်။ ၁၉၀၅ ခုနှစ်တွင် Fr. Maigre ပျံလွန်ခဲ့သည်။ Fr. Provost ကိုတာဝန်ပေး ခန့်အပ်ထားသည့်အတိုင်း ပုသိမ်မြို့ရှိစာသင်ကျောင်းနှင့် သီလရှင်ဖြစ်သင်ကျောင်းကို ကောင်းစွာပြုပြင်မွမ်းမံခဲ့ပါသည်။ ကျောင်းသားများ၏ အောင်ချက်လည်းအားရကျေနပ်ဖွယ်ဖြစ်ပါသည်။ ပုသိမ်ပတ်ဝန်းကျင်ရှိ မြို့ရွာများတွင်လည်း ပညာရေးနှင့် ဘာသာရေးအထူးမြှင့်တင်ပေးခဲ့ရာ ဘာသာသူဦးရေလည်းတိုးပွားလာသည်။ ၁၉၁၇ ခုနှစ်တွင် ပုသိမ်ပတ်ဝန်းကျင်၌ဘာသာသူ ၁၄၈၈ ဦး ရှိကြောင်း Fr Provost မှတ်တမ်းတင်ထားပါသည်။ ထိုအချိန်တွင် စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ဖြစ်သင်ကျောင်းတွင် အချိန်များများမပေးနိုင်တော့ပါ။ ရွာများတွင်သီလရှင်ကျောင်းဖွင့်ထားပြီး သာသနာပြုစေသည်။ ထိုအချိန်၌ကျောင်းရင်းတွင် သီလရှင် ၁၁ ပါး၊ သီလရှင်လောင်းကျောင်းတွင် ၉ ဦးရှိပါသည်။ ၁၉၁၉ ခုနှစ်တွင် စာသင်ကျောင်းအဆောင်သစ်တစ်ခုထပ်မံ ဆောက်ခဲ့သည်။ အမိကျောင်းရင်းတွင်သီလရှင်အသစ် ၇ ပါး၊ သီလရှင် လောင်း ၄ ပါး၊ ဝင်လိုသူ ၁၄ ဦးရှိခဲ့ပါသည်။

ဆရာတော်ကြီး ၏နောက်ဆုံးနေ့ရက်များ

၁၈၉၇ ခုနှစ်မှစပြီး သာသနာလုပ်ငန်းကို မနားမနေထမ်းဆောင်ခဲ့ခြင်း ကြောင့်လည်းကောင်း၊ ပထမကမ္ဘာစစ်၏ ဘေးဒါဏ်ကြောင့်လည်းကောင်း ဆရာတော်ကြီးကာဒိုးသည် ၁၉၂ဝ ခုနှစ်၌ မျက်စိကွယ်သွားလေသည်။ လွန်ခဲ့သည့် ၁၈ နှစ်ခန့် ဆရာတော်ကိုယ်တိုင် သီလရှင်လောင်းများ၏ အုပ်ထိန်းသူဆရာအဖြစ်နှင့်ကြိုးစားပြီးဦးဆောင်ခဲ့ရာ ပုံသွင်းပြုစုပျိုးထောင်ခြင်း အချိန် အလွန်ပင်နည်းပြီး တိုတောင်းလှကြောင်းသုံးသပ်မိကြသည်။ သာသနာနယ်၌ ဝိညာဉ်ရေးနှင့်ပညာရေး သင်ပေးရန် အလွန်ပင်လိုအပ်နေသောကြောင့် သီလရှင်များအား အချိန်တိုအတွင်းသာ သင်တန်းပေးပြီး နယ်ဆင်းစေခဲ့ရသည်။

စိန့်ဖရန်စစ်ဇေးဗီးယား သီလရှင်အသင်းဂိုဏ်း၏ဖခင်ကြီး ဆရာတော်ကာဒိုးသည် အသက်ရှင်လျက်ရှိသော်လည်း ဆီးချိုရောဂါ ကြောင့် မျက်စိကွယ်နေသဖြင့် မပါမဖြစ်အခန်းအနားများ၌သာ ပါဝင်ရတော့သည်။ နောက်ဆက်ခံသောဆရာတော် Provost ကသာလျှင် ပုသိမ်သာသနာ၏ ကိစ္စအဝဝကိုတာဝန်ယူနေရသည်။ ဆရာတော် Provost သည်လည်း ခါးရောင်သည့် ရောဂါကြောင့် ဝန်လေးပင်ပန်းမှုများစွာခံထမ်းနေရသည်။ ၁၉၂၅ ခုနှစ်အမြင်အာရုံကွယ်ပြီး မမာမကျန်းဖြင့် ဘဝကိုဆက်ကပ် အပ်နှံသော ဆရာတော်ကြီးကာဒိုး၏ ရဟန်းဝါတော် ၄၆ နှစ်ပြည့်တွင် ရွှေစင်ဂျူဘီလီပွဲတော်ကို ကျင်းပပေးခဲ့သည်။ ထို့အတူ ဆရာတော် သိက္ခာခံယူပြီး ၃၂ နှစ်ပြည့်တွင်ရွှေဂျူဘီလီခံယူခဲ့သည်။ ယင်းအခမ်းအနားသို့ ဆရာတော် Provost နှင့် ရဟန်းတော်များတက်ရောက်ခဲ့သည်။ ဆရာတော် Provost သည် ပုသိမ်တွင် ၂၁ နှစ်ကြာ သီတင်းသုံးတော်မူခဲ့ပြီး အရေးပါလှသောလုပ်ငန်းများစွာလုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် စိန့်ဖရန်စစ်ဇေးဗီးယားကွန်ဗင့်နှင့် စိန်ပီတယ်ဘုရားကျောင်း ကက်သီဒရာယ်ကိုတည်ဆောက်ပေးခဲ့သည်။

၁၉၂၀ ခုနှစ်မှစ၍ ၅ နှစ်တာမျှ မျက်စိကွယ်ပြီး ဆီးချိုရောဂါခံစားနေရသော ဆရာတော်ကြီးကာဒိုးသည် ၁၉၂၅ ခုနှစ် ပျံလွန်အောက်တိုဘာလ ၁၈ရက်၊ သံလူကား၏ပွဲနေ့တွင် ပျံလွန်တော်မူခဲ့သည်။ ဆရာတော်၏ရုပ်ကလပ်ကို မော်လမြိုင်မြို့ရှိ စိန့်ပက်ထရစ်ဘုရားကျောင်း၏ ကိုယ်တော်မြတ်စင်အဝင်ဝတွင် မြှုပ်နှံထားပါသည်။ ယင်းမှာ ဆရာတော်ကြီးကိုယ်တိုင်၏ တောင်းဆိုချက်ဖြစ်သည်။ “ကျွန်ုပ်အသက်ရှင်စဉ်အခါ၌ လူများသခင်ခရစ်တော်ကိုယုံကြည်လက်ခံလာနိုင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီ။ ကျွန်ုပ်သေသွားပြီးသည့်နောက်လည်း ကျွန်ုပ်၏ကိုယ်ခန္ဓာကိုနင်းပြီး၊ ခရစ်တော်နဲ့ပေါင်းစပ်နိုင်ကြပါစေ။ ဤနည်းဖြင့် ဆက်လက်အစေခံလိုပါသည်” ဟုမှာကြားထားခဲ့ပါသည်။ ဆရာတော်ကြီးပျံလွန်ပြီး ၁၉၂၆ ခုနှစ်စာရင်းအရ စိန်ဖရန်စစ်ဇေးဗီးယား သီလရှင်ပေါင်း ၅၃ ပါးရှိသည်။

ဆရာတော်ကြီးကာဒိုး၏နောက်ဆက်ခံသောဆရာတော် Felix Perroy ၏မှတ်တမ်းအရ ဆရာတော်ကြီးကာဒိုးသည် မြန်မာတိုင်းရင်းသားသီလရှင်ဂိုဏ်းကို ပြုစုပျိုးထောင်ရာတွင် “ထိရောက်အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်သူ”ဟု ရေးသားထား ပါသည်။ အကူအညီလိုအပ်နေသူဆင်းရဲသားများကို သနားကြင်နာစိတ်ပြင်းပြသောကြောင့် တမန်တော်လုပ်ငန်းကြိုးစားရာ တွင်လည်း မကုန်မခမ်းနိုင်သောဇွဲ၊ စိတ်အားထက်သန်ခြင်းဖြင့်ဆောင်ရွက်ခဲ့သည်။ အသိပညာမရှိလျှင် ယုံကြည်ခြင်းအကြောင်း နားလည်လက်ခံနိုင်မှာမဟုတ်ကြောင်း၊ အသိပညာသာလျှင် ယုံကြည်ခြင်းသင်ပေးနိုင်သလို လူမှုအဆင့်ကိုလည်း မြှင့်တင်ပေး နိုင်မည်။ အထူးသဖြင့်ဆင်းရဲသားများအတွက် ပညာရေးအထူးလိုအပ်နေကြောင်း ဆရာတော်ကြီးသည် ကောင်းစွာနားလည် သဘောပေါက်ခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသားသီလရှင်ဂိုဏ်းကို ၁၈၉၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ခရစ်ယာန်မဖြစ်သေး သောသူများကို ဧဝံဂေလိသတင်းဟောပြောသွန်သင်ရန်နှင့်လူမျိုး၊ ဘာသာမရွေး အခြေခံပညာသင်ပေးရန်ဖြစ်သည်။

ဆရာတော်ကြီးအလက်ဇန်းဒါးကာဒိုးသည် အတွင်းသက်အင်အားကြီးမားသူ၊ ဆုတောင်းထောက်ရှုခြင်းကို အထူးလက်ကိုင်ထား သူဖြစ်သည်။ မြန်မာပြည် ကက်သလစ်အသင်းတော်အတွက် ရေရှည်တည်တံ့ ခိုင်ခန့်စေမည့် အခြေခံအုတ်မြစ်ကို စတင်ပေးခဲ့ သည်။ ထိုခေတ်အချိန်အခါ၏ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေအရ ဖြစ်နိုင်ဖွယ်ရာမရှိ။ မမျှော်မှန်းနိုင်လောက် အောင်ခက်ခဲနက်နဲသော တိုင်းရင်းသားသီလရှင်ဂိုဏ်းကို ဦးစွာစတင်တည်ထောင်ပေးခဲ့သည်။ ကြီးလေးသော ဆရာတော်၏ သိုးထိန်းတာဝန်ကိုထမ်းဆောင်ရင်း သီလရှင်များ၏ဝိညာဉ်ရေးနှင့် သီလရှင်ဘဝအသက်တာ သိမှတ်စရာများကို ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ ဘာသာရေးနှင့်ပညာရေးအတွက် သီလရှင်များအား စာသင်ကျောင်းများဖွင့်ပြီးအခြေခံပညာသင်စေသည်။ ဘုရားစကား အယူဝါဒသင်စေသည်။ ဆရာတော်ကြီးကိုယ်တိုင် သီလရှင်ဖြစ်သင်ကျောင်း၏ ကျောင်းအုပ်တစ်ဦးပမာ အသေးစိတ် တာဝန်ယူစောင့်ရှောက်ပေးခဲ့သည်။

ဆရာတော်သည် လူပရိတ်သတ်ထောင်သောင်းကြားမှာ အာဝဇန်းရွှင်ရွှင် ဟောပြောဆုံးမမှု သိပ်မရှိလှသော်လည်း တည်ငြိမ် အေးချမ်းသော ဘဝအသက်တာဖြင့်အသက်ရှင်ကာ ဆုတောင်းခြင်းစိတ်ဝိညာဉ်ဖြင့် သက်သေခံခဲ့သည်။ ဆရာတော်သည် စာဖတ်စာရေး၊ ထောက်ရှုဆုတောင်းခြင်း၌အထူးအားသန်လှသည်။ ဝိညာဉ်လမ်းညွှန်စာများ ရေးသားခဲ့သည်။ အသင်းတော် ရာဇဝင်ရေးသားခဲ့သည်။ စာပေအသိတရားမှာ အလွန်အရေးကြီးကြောင်းသိရှိသဖြင့် ရန်ကုန်၊ ပုသိမ်မြို့တွင်ပုံနှိပ်တိုက် တည်ထောင်ပေးခဲ့သည်။

ထို့အတူ တိုင်းရင်းသားရဟန်းတော်များ အရေးတကြီးလိုအပ်နေကြောင်းသိသဖြင့် မော်လမြိုင်တွင် ရဟန်းဖြစ်သင်ကျောင်း ဖွင့်ပေးခဲ့သည်။ ရန်ကုန်မြို့ရှိ စိန်မေရီကျောင်းတော်ကြီးကိုလည်း အဆုံးသတ်ဆောက်လုပ်ခဲ့သည်။ စာသင်ကျောင်းများကို မြို့ပြကြီးများနှင့် တောရွာများမှာပါမကျန် ဆောက်လုပ်ပေးခဲ့သည်။

မင်္ဂလာတရားတော်ကိုနှလုံးပိုက်ပြီး ပူဇော်အသက်ရှင်ခဲ့သော ဆရာတော်ကြီးအလက်ဇန်းဒါးကာဒိုးကိုအတုယူပြီး သခင်ဘုရားထံ ဝိညာဉ်များကို ပို့ဆောင်ပေးသောအမှုကို နည်းမျိုးစုံဖြင့်ဆက်လက်ကြိုးစားကြပါစို့။

Sisters of St. Francis Xavier(SFX)

rvamyanmar
rvamyanmar
Articles: 713

Leave a Reply

Your email address will not be published. Required fields are marked *