ကမ္ဘာ့လူငယ်များနေ့ နောက်ခံသမိုင်း

ကမ္ဘာ့လူငယ်များနေ့ နောက်ခံသမိုင်း

ဧပြီလ ၅၊ ၂၀၂၀

ကမ္ဘာ့လူငယ်များနေ့ (WYD)ဆိုတာ လူငယ်တွေကို ခရစ်တော်ဘုရားရဲ့ တရားတော်နှင့်အညီ နေထိုင် အသက်ရှင်ဖို့ လမ်းညွှန်ပေးခြင်းဖြစ်ပြီး ဒီဘ၀အသက်တာကို နေထိုင်တဲ့ လူငယ်တွေကိုလည်း အားပေးအား မြှောက်ပြုဖို့ ရည်ရွယ်ချက်နဲ့ ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်(၂) စတင်ခဲ့တဲ့ လူငယ့်ပွဲတော်ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ်၊ ကယ်တင်ခြင်းဂျူဘီလီနှစ် ပိတ်ပွဲမှာ အရှင်သူမြတ် ဂျွန်ပေါလ်က ကမ္ဘာတ၀ှမ်းက လူငယ်တွေကို မိမိနှင့်အတူ အပြည်ပြည်ဆိုင်ရာ လူငယ်များ ဂျူဘီလီ (International Jubilee of Youth) ကို မေတ္တာပန်း တနင်္ဂနွေနေ့တွင် ကျင်းပဖို့ နိုင်ငံတကာမှ လူငယ်များကို ဖိတ်ခေါ်ခဲ့တယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ဖိတ်ခေါ်ချက်ကို တုန့်ပြန်သောအားဖြင့် လူငယ်ပေါင်း (၃)သိန်းကျော် တက်ရောက်လာခဲ့ကြတယ်။ စိန့်ပီတာ ရင်မှာ စုဝေးရောက်ရှိလာကြတဲ့ လူငယ် (၃) သိန်းကျော်ကို တွေ့တဲ့အခါမှာ ရဟန်းမင်းကြီး ဂျွန်ပေါက “ဒီလောက်များတဲ့ လူငယ်တွေကို ဒီနေ့ ဒီနေရာမှာ တွေ့ရတာ ဘယ်လောက် အားရစရာ၊ ကြည်နူးစရာ ကောင်းလိုက်လဲ။ ဒီနေ့ ခေတ်လူငယ်တွေမှာ တန်ဖိုးထားတတ်တဲ့စိတ်၊ ကြည်ညိုမြတ်နိုးတဲ့စိတ်တွေ မရှိတော့ဘူးလို့ ဘယ်သူပြောဦးမှာလဲ။ လူငယ်တွေကို အားမကိုးရဘူး၊ မျှော်လင့်လို့ မရဘူးလို့ ဘယ်သူတွေ ပြောချင်သေးလဲ” လို့ မိန့်ကြားတော်မူခဲ့တယ်။

အဲ့ဒီကနေစပြီး ၁၉၈၅ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကမ္ဘာ့လူငယ်များနေ့ (WYD) ကို ဖွဲ့စည်း သတ်မှတ်ပေးခဲ့တယ်။ ၁၉၈၆ ခုနှစ်မှာ ကမ္ဘာ့လူငယ်များနေ့ကို မေတ္တာပန်းတနင်္ဂနွေနေ့မှာ ပထမဆုံးအကြိမ် အဖြစ် တရားဝင် စတင်ကျင်းပခဲ့တယ်။ နိုင်ငံတကာလှည့်လည်ပြီး ကျင်းပတဲ့ ကမ္ဘာ့လူငယ်များနေ့ ဓလေ့ထုံးစံ ကိုတော့ ဒုတိယကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့ကိုကျင်းပရင်း Argentina နိုင်ငံ Buenos Aires မြို့မှာ ပထမအကြိမ် စတင်ကျင်းပခဲ့တယ်။

ကမ္ဘာ့လူငယ်များနေ့လက်ဝါးကားတိုင်
++++++++++++++++++++++++++

လူငယ်ပေါင်း ၃ သိန်းကျော် စုဝေးရောက်ရှိလာကြတဲ့ ဂျူဘီလီနှစ်မှာပဲ လူသားများအတွက် ထားရှိတဲ့ ဘုရားသခင်ရဲ့ မေတ္တာသင်္ကေတဖြစ်တဲ့ လက်ဝါးကားတိုင်ကို ကမ္ဘာအနှံ့ သယ်ဆောင်သွားဖို့ ပုပ်ရဟန်းမင်းကြီး က လူငယ်များကို အပ်နှင်းပေးခဲ့တယ်။ ဒီလက်ဝါးကားတိုင်ကို
ကမ္ဘာ့လူငယ်များနေ့ကားတိုင် (WYD Cross)၊
ဂျူဘီလီ ကားတိုင် (Jubilee Cross)၊
ကမ္ဘာ့လှည့်ကားတိုင် ( Pilgrim Cross)၊
လူငယ့်ကားတိုင် (the Youth Cross)
လို့ အမျိုးမျိုးခေါ်ဆိုကြပါတယ်။

ဒီကားတိုင်တော်ဟာ ခရစ်တော်သခင်ရဲ့ လူသားများအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာရဲ့ ပြယုဂ်အဖြစ် ကမ္ဘာအနှံ့သို့ ပင့်ဆောင်သွားဖို့၊ ခရစ်တော်ရဲ့ သေခြင်း ရှင်ပြန်ထမြောက်၌သာလျှင် လူသားတိုင်းရဲ့ ကယ်တင်ခြင်းတရားတော်ကို ရရှိနိုင်ကြောင်း လူမျိုးတကာတို့အား ကြေညာဟောပြောကြဖို့ ရည်ရွယ်ချက်ဖြင့် ရဟန်းမင်းကြီးမှ လူငယ်များကို အပ်နှင်းထားတဲ့ ကားတိုင်တော်ဖြစ်ပါတယ်။ ကားတိုင်တော်ဟာ လူငယ်များနဲ့အတူ စိန့်ပီတာ ရင်ပြင်မှ ၁၉၈၄ ခုနှစ်တွင် စတင်ပြီး ကမ္ဘာအနှံ့အပြားမှာရှိတဲ့ သာသနာ တော်များဆီ ဦးတည်ထွက်ခွာလာခဲ့တယ်။


ကမ္ဘာ့လူငယ်များနေ့ ရုပ်ပုံတော်
~~~~~~~~~~~~~~~~~~

ကမ္ဘာ့လူငယ်များနေ့ကားတိုင်တော် တစ်ခုတည်းပဲ ကမ္ဘာလှည့်ခရီးစဉ်ပြုနေတာ မဟုတ်ပါဘူး။ တစ်ချိန်တစ်ခါတုန်းက ခရစ်တော်သခင်ရဲ့ ကာလ်ဝါရီ ခရီးစဉ်မှာ အမိမယ်တော်ကလည်း ပါဝင်လျှောက်လှမ်း ပေးခဲ့ပါတယ်။ ဒီလိုပဲ ကမ္ဘာ့လူငယ်များနေ့ကားတိုင်နဲ့အတူ အမိမယ်တော်ရဲ့ ရုပ်ပုံတော်ကလည်း အတူပါဝင်ကာ ကမ္ဘာလှည့်ခရီးပြုနေပါတယ်။ ကားတိုင်ပေါ်မှာ ခရစ်တော်သခင်က တပည့်တော်ကြီး ယောဟန် ကို သင့်ရဲ့ အမိကိုကြည့်ပါ ဆိုပြီး အပ်နှင်းထားပေးခဲ့တယ်။ ငယ်ရွယ်နုပျိုသေးတဲ့ တပည့်တော်ကြီး ယောဟန်က အမိမယ်တော်ကို လက်ခံကြိုဆိုသလိုမျိုး လူငယ်တွေရဲ့ ဘ၀မှာလည်း အမိမယ်တော်ကို မိခင် သဖွယ် လက်ခံကြပြီး လူငယ်တွေကို မယ်တော်သခင်မရဲ့ ကူညီစောင့်ရှောက်မှု ခံစားရရှိဖို့အတွက် ရည်ရွယ်ပြီး ကမ္ဘာ့လူငယ်များနေ့ ရုပ်ပုံတော်ကိုလည်း ပုပ်ရဟန်းမင်းကြီးမှ အပ်နှင်းပေးခဲ့ပါတယ်။

ကမ္ဘာ့လူငယ်များနေ့ကို မေတ္တာပန်းတနင်္ဂနွေနေ့တိုင်း နှစ်စဉ်ကျင်းပလာခဲ့တာ ယခုဆိုရင် ၃၅ ကြိမ် မြောက် ကမ္ဘာ့လူငယ်များနေ့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနေနဲ့ ၃ နှစ်တစ်ကြိမ် တစ်နိုင်ငံပြီး တစ်နိုင်ငံကျင်းပလေ့ရှိတဲ့ ကမ္ဘာ့လူငယ်များနေ့ကတော့ လာမယ့် ၂၀၂၂ မှာ (၁၆)ကြိမ်မြောက်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အစောပိုင်းနှစ်တွေမှာ ၃ နှစ်တကြိမ် မဟုတ်ဘဲ ၂ နှစ် တစ်ကြိမ်တွေလည်း ရှိခဲ့ဖူးပါတယ်။ ကမ္ဘာ့လူငယ်များနေ့ ကျင်းပခဲ့တဲ့ ခုနှစ်တွေနဲ့ နိုင်ငံတွေကို တဆက်ထဲ ဖော်ပြပေးလိုက်ပါတယ်။

၁၉၈၆ – အီတလီနိုင်ငံ၊ ရောမမြို့
၁၉၈၇ – အာဂျင်တီးနားနိုင်ငံ၊ ဘရူနိုင်ဆိုင်းရပ်
၁၉၈၉ – စပိန်နိုင်ငံ
၁၉၉၁ – ပိုလန်နိုင်ငံ ၊ ချက်စတိုကိုဗာ
၁၉၉၃ – အမေရိကန်နိုင်ငံ၊ ဒန်ဗာ
၁၉၉၅ – ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ
၁၉၉၇ – ပြင်သစ်နိုင်ငံ၊ ပဲရစ်
၂၀၀၀ – အီတလီနိုင်ငံ၊ ရောမမြို့
၂၀၀၂ – ကနေဒါနိုင်ငံ၊ တိုရွန်းတို
၂၀၀၅ – ဂျာမနီနိုင်ငံ၊ ကူရ်လုံး
၂၀၀၈ – သြစတြေးလျ၊ ဆစ်ဒနီ
၂၀၁၁ – စပိန်နိုင်ငံ၊ မက်ဒရစ်
၂၀၁၃ – ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုး
၂၀၁၆ – ပိုလန်နိုင်ငံ၊ ခရက်ကောင်း
၂၀၁၉ – ပနားမား
၂၀၂၂ – ပေါ်တူဂီ၊ လစ္စဘွန်မြို့ မှာ ကမ္ဘာ့လူငယ်များနေ့ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

သီကိုရှင်း

rvamyanmar
rvamyanmar
Articles: 2778

Leave a Reply

Your email address will not be published. Required fields are marked *