ရင်သွေးလေးတွေ ပြုစုပျိုးထောင်နည်းလေးတွေ

“ဒီနေ့သီရိဂေဟာ ကဏ္ဍမှာတော့ ရင်သွေးလေးတွေ ပြုစုပျိုးထောင်နည်းလေးတွေကို မိဘကောင်းတွေဖြစ်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ ကျွန်မ ဂျူလီယာကြူကြူခင်ကနေ တင်ဆက် ပေးသွားမှာဖြစ်ပါတယ်ရှင်။

သားသမီးလေးတွေကို ပြုစုပျိုးထောင်တယ်ဆိုတာ မိဘတို့ရဲ့ မဖြစ်မနေလုပ်ရတဲ့လုပ်ငန်းသရုပ်ဖော်ချက်ဘဲဖြစ်ပါတယ်။ မိဘတိုင်းက မိမိတို့ရဲ့ သားသမီးတွေကို ချစ်ကြသလို သားသမီးတိုင်းကလည်း သူတို့ရဲ့ မိဘကို ချစ်ကြတာ မလွဲပါဘူးရှင်။ မိဘဆိုတာက သူတို့လေးတွေရဲ့ လုံခြုံ၊ ချမ်းမြေ့ရာ မှီခိုအားထားရာအရိပ်တစ်ခု လည်းဖြစ်ပါတယ်။ မိဘကြောင့် စိတ်ဆင်းရဲရတဲ့ သားသမီးတွေရှိသလို သားသမီးကြောင့်လည်း စိတ်ဒုက္ခရောက်ရတဲ့ မိဘတွေရှိနေကြတာဘဲဖြစ်ပါတယ်။

ဒီလိုဖြစ်ရတာ ဘာကြောင့်လဲရှင်။ သားသမီးနှင့် မိဘကြား နားလည်မှုတွေလွဲနေလို့၊ အထင်အမြင်မှားနေလို့ အခုလိုဖြစ်ရတာပါ။ ဒါကြောင့် မိဘကောင်းဖြစ်ဖို့တော့ အထူးဘဲလိုအပ်ပါတယ်။ မိဘဖြစ်ရတာဆိုတာလည်း မလွယ်ကူပါဘူးရှင်။ သားသမီးလေးတွေရဲ့ အားကိုးရာမဲ့ဖြစ်ပြီး သူတို့လိုအပ်တာတွေအားလုံးကို ဒီမိဘတွေက မွေးကင်းစကနေ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ထိ အချိန်ပေးပြီး သူတို့ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ထူထောင်ပေးရတဲ့သူတွေပါ။

မိသားစုပုံစံဆိုတာကလည်း အမျိုးစုံလှပါတယ်။ တစ်ချို့ကတော့ တစ်ဦးတည်းရှိတဲ့ရင်သွေး၊ တစ်ချို့ကျတော့လည်း ရင်သွေးလေးငါးခြောက်ယောက်ရှိတယ်။ တစ်ချို့ကျတော့လည်း ကိုယ်ပိုင်မရှိတဲ့အတွက် မွေးစားကြတယ်။ တစ်ချို့ကျပြန်တော့လည်း မသန်မစွမ်းကလေးတွေ၊ သင်ယူဖို့ စွမ်းရည်မဲ့တဲ့ကလေးမျိုးတွေ မွေးတာလည်း ရှိပါတယ်ရှင်။ ဒါပေမဲ့လို့ မိဘနေရာယူရတဲ့သူတွေဟာ မိဘကောင်းအဖြစ် ရှင်သန်ရပ်တည်ကြရမှာဘဲ မဟုတ်လားရှင်။ မိဘတစ်ဦးဖြစ်ဖို့ ဘယ်သူကမှ လုံလုံလောက်လောက် လေ့ကျင့်ပေးခဲ့တယ်ဆိုတာလည်း မရှိပါဘူး။ ကိုယ်တိုင် ဒီလောက်ကြိုတင်ပြင်ဆင်ထားပေမဲ့လည်း ဒီပြင်ဆင်မှုတွေက လုံလောက်တယ်ဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလောက် လက်တွေ့အခြေအနေနဲ့ ဖြစ်ရပ်တွေက ဒီမိဘတွေကို တစ်ခါတစ်လေ အလဲထိုးခံရတာတွေလည်း ရှိပါသေးတယ်။

ရင်သွေးပြုစုပျိုးထောင်တယ်ဆိုတာက များသောအားဖြင့် မိမိတို့ဘဝကို တည်ဆောက်ကြရင်း လုပ်ရင်းကိုင်ရင်း အလိုက်သင့်ဆောင်ရွက်သွားကြရတဲ့လုပ်ငန်းတာဝန်တစ်ရပ်ဘဲဖြစ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ၊ ပကတိပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝဆိုတာကတော့ တကယ်တမ်းမရှိနိုင်ပါဘူးရှင်။ မိသားစုတိုင်းကတော့ မိမိရဲ့ စံချိန်၊ စံညွှန်းတွေနဲ့ ကိုယ့်ရဲ့ မိသားစုဘဝကို တည်ထောင်ကြတာပါ။ မိဘတို့ ကြုံတွေ့ရတဲ့ ပြဿနာတွေဟာလည်း ဘယ်ပုံသေနည်းနဲ့မှ ဖြေရှင်းလို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ကြိုက်သလို သင့်တော်သလို ရုန်းသွားကြရတာပါ။ မိဘတွေအနေနဲ့ အားလုံး စင်းလုံးချော အဆင်ပြေဖို့ဆိုတာလည်း မျှော်လင့်ထားလို့ မဖြစ်နိုင်ပါဘူး။ ကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်မှ အောင်မြင်နိုင်မယ်။ ကောင်းတဲ့ဆုံးဖြတ်ချက်ဆိုတာကလည်း အတွေ့အကြုံရဲ့ ရလဒ်ကြောင့် ကိုယ်တိုင်မှားခဲ့ရာကနေမှ အဲဒီအပေါ်ကနေ သင်ခန်းစာတွေယူပြီးတော့ ပြန်လည်သုံးသပ်ရတာပါ။

အရေးကြီးဆုံးကတော့ ဒီမိဘတွေကိုယ်တိုင်က မိမိကိုယ်မိမိ ယုံကြည်ရမယ်၊ ကြိုးစားရမယ်၊ မိမိရဲ့မိသားစုက တခြားမိသားစုနဲ့ မတူနိုင်ပါဘူး။ ပညာအရေး၊ အဆင့်အတန်း၊ လူနေမှုအဆင့် မိတ်ဆွေတွေ မိသားစုနဲ့ ကြင်ဖော်တွေ တစ်မူကွဲနေအုံးမှာဘဲ။ ဒီလို ကွဲပြားခြားနားနေသလို၊ သားသမီး ပြုစုပျိုးထောင်ပုံလည်း ခြားနားနေအုံးမှာပါဘဲ။ ဒါကြောင့်မို့ ရင်သွေးပြုစုပျိုးထောင်တဲ့အခါမှာ အခြေခံအုတ်မြစ်မခိုင်မာဘဲ အဲဒီအပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ထောင်ဟာ အချိန်တန်ရင်ပြိုကျသွားအုံးမှာဘဲ ဖြစ်ပါတယ်။ မိဘကောင်းဖြစ်ဖို့ မိမိရဲ့ ကိုယ်ပိုင်သီးသန့်ပုံစံထွင်းပြီးတော့ သားသမီးကို အုပ်ထိန်းရမယ်။ ဒီလိုလုပ်ဖို့ ပြတ်သားခိုင်မာတဲ့ အခြေခံတွေ လိုအပ်ပါတယ်။ စင်းလုံးချောမိဘဆိုတာ မရှိနိုင်ပေမဲ့ အောင်မြင်တဲ့ မိဘကောင်းတော့ ဖြစ်နိုင်ပါတယ်။ အောင်မြင်အောင်လည်း အထူးဘဲ ကြိုးစားပြီးတော့ မိမိကိုယ်မိမိ ယုံကြည်အားထားရပါမယ်။ မိဘတွေ သတိပြုရမှာကတော့ မိသားစုရဲ့ စည်းမျဉ်း စည်းကမ်းတွေက မိမိကလေးကို ဘေးဘယာကင်းရှင်းပြီးတော့ လွတ်လပ်မှုကို ပေးနိုင်ရမယ်။ မိသားစု ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကိုလည်း မိဘကိုယ်တိုင်ကော လူတိုင်းက သဘောတူပြီး လိုက်နာနိုင်ရမယ်။ ဒီစည်းကမ်း စည်းမျဉ်းတွေ အတွင်းမှာ လွတ်လပ်မှုကို ပေးရပါမယ်။ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ စကားကတော့ အရာ မထင်ပါဘူး။ မိဘတွေဆိုတာက ကလေးတွေအတွက် စံပြအခန်း ကဏ္ဍဘဲမဟုတ်ပါလားရှင်။ မိမိမွေးထားတဲ့ သားသမီးတွေဟာ တဖြည်းဖြည်း မိဘနဲ့ ပိုပိုပြီးတော့ တူလာမှာဘဲဖြစ်ပါတယ်။ မိဘတွေအနေနဲ့ အပြောမဟုတ်ဘဲ အလုပ်နဲ့ သာပိုပြီးပြနိုင်ရမယ်။

စိတ်လုံခြုံမှုရှိတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ သားသမီးတွေဟာလည်း စိတ်လုံခြုံတဲ့ ကလေးတွေကိုဘဲ မွေးဖွားပေးမှာဘဲဖြစ်ပါတယ်။ ကလေးတွေကို အကောင်းဆုံးဖြစ်မြောက်အောင် လုပ်ပေးခဲ့ပေမဲ့လို့ အကောင်းဆုံးဖြစ်မလာနိုင်ပါဘူး။ ဒါပေမဲ့လို့ အကောင်းဆုံးတော့ ကြိုးစားရမှာပါ။ သားသမီးကို ချီးမွမ်းတဲ့အခါမှာလည်း သီးသီးသန့်သန့် ဖော်ပြချီးမွမ်းပေးပါ။ ကလေးနဲ့ ဆက်ဆံပြောဆိုတဲ့အခါမှာ အပျက်သဘောထက် အပြုသဘောစောင်းပြီးတော့ ဆက်ဆံပေးပါရှင်။ မိဘတွေဟာ သားသမီးတွေရဲ့ မော်ဒန်တွေပါ။ သတိထားရမှာက သူတို့ကို စိတ်လိုက်မာန်ပါမပြုဖို့ အရေးကြီးပါတယ်။ သူတို့ကို အပြစ်လို့ မသတ်မှတ်မီမှာ ရပ်တန့်ပြီးတော့ အရင် စဉ်းစားပါ။ အပြစ်ဒဏ်ပေးသင့်၊ မပေးသင့်၊ စဉ်းစားပါ။ အပြစ်ဒဏ်ပေးလိုက်တဲ့ အတွက် ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုလည်း စဉ်းစားပါ။ ဘာကြောင့် အပြစ်ဒဏ်ပေးရတယ်ဆိုတာကိုလည်း အမြဲသားသမီးအပေါ်ကို ရှင်းပြပေးပါ။ အပြစ်ပေးပြီးရင်လည်း သူတို့ကို ချစ်တယ်ဆိုတဲ့အကြောင်း ယုံကြည်စိတ်ချလောက်အောင် ပြောပြပေးပါရှင်။

မိမိရဲ့ ရင်သွေးလေးတွေကို ပြုစုပျိုးထောင်ရတယ်ဆိုတာကတော့ မလျော့အတင်း စောင်းကြိုးနှင်းဆိုသလို မိဘဘဝလျှောက်လှမ်းမယ်ဆိုရင်ဖြင့် မိဘဘဝ စာမေးပွဲကြီး ကို အောင်မြင်သွားမှာဖြစ်ပါတယ်ဆိုတာကိုတင်ပြရင်း ဒီနေ့ သီရိဂေဟာ ကဏ္ဍကို ရပ်နားခွင့်ပြုပါရှင်။ သောတရှင်မိဘများအားလုံး စိတ်တသုခ၊ ကာယသုခ နှစ်ဖြာသော သုခတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။”

rvamyanmar
rvamyanmar
Articles: 2818

Leave a Reply

Your email address will not be published. Required fields are marked *